Monday, July 18, 2011

ကမ္ဘာကြီး ခဏလောက်ရပ်သွားသော မနက်

ရွာသာသာ မြို့သေးသေးလေးမှာ ကောင်မလေးတစ်ယောက်၊ သူ့ဘဝလမ်းရဲ့ ခဏလောက် လျှောက်သွားဖူးတယ်။ စနေ၊ တနင်္ဂနွေမဟုတ်ဘဲ ကျောင်းမတက်ရတဲ့ အစိုးရ ကျောင်းပိတ်ရက် ရုံးပိတ်ရက်တိုင်းမှာ ပျင်းခြောက်ခြောက် မြို့လေးရဲ့ တိတ်ဆိတ်တဲ့ ရုံးဝင်းထဲမှာ တွေ့ရာ အပင်တွေပေါ် တက်နိုင်သလောက် ကုတ်ကပ်တက်၊ တောင်လိုလို မြောက်လိုလို မြင်မြင်ရာ အရပ်လေးမျက်နှာ ငေးမော၊ ငှက်ကလေးများ မြင်တွေ့မိရင် သူတို့ မသိအောင် ချောင်းမြောင်းကြည့်။
မိုးရာသီမှာ နေ့တိုင်း မုတ်သုံမိုးရွာတဲ့ မြို့ကလေး၊ နေ့တစ်နေ့ရဲ့ မနက်ခင်းမှာတော့ အုံ့ပျပျ မိုးက ရွာမချခဲ့ဘူး။  ကျောင်းမသွားရတဲ့ နေ့တို့ရဲ့ ထုံးစံ - ကောင်မလေး သစ်ပင်တစ်ပင်အောက် ဘောက်ဆွ ဘောက်ဆွနဲ့ လျှောက်သွားရင်း ဥဩသံ ကြားရတယ်။ လမ်းမဘက်က လူတချို့ ရပ်တန့်သွားတာ၊ စက်ဘီးတွေ၊ ဆိုက္ကားတွေ ရပ်သွားတာ၊ လူတွေရဲ့ နေ့စဉ်ပြောဆိုသံတွေ တိတ်ဆိတ်သွားတာ၊ ... ကမ္ဘာကြီးဘာလို့ ရပ်သွားတာလဲ လို့ ကောင်မလေး တွေးမိသွားတယ်။
စူးစမ်းချိန် မရလိုက်ခင်မှာ လူတွေဟာ နေ့စဉ်လှုပ်ရှားမှုတွေထဲ ပြန်သက်ဝင် စီးမျောလို့။ ကောင်မလေးတစ်ယောက်ပဲ အဲဒီ ရပ်တန့်မှုမှာ ကျန်ခဲ့တယ်။ အတွေးတွေက ရပ်တန့်မှုနဲ့ အလုပ်ရှုပ်လို့။ အိမ်ကို ပြန်လာတော့ လူကြီးတွေကို မေးတယ်။ ဘာလို့ ခါတိုင်း မီးဥဩလို လူတွေ စိတ်မပူကြတာလဲဆိုတာ ထူးဆန်းနေတုန်း။ မေမေက  “ဒီနေ့ ဘာနေ့လဲ၊ သိလား”တဲ့။ “သိတာပေါ့၊ ဒီနေ့ သမီးကျောင်းပိတ်တယ်၊ ကျောင်းပိတ်ရက်” ဆိုတော့ ဝိုင်းရီကြတယ်။ ဆိုးလိုက်တာ။
ဖေဖေက “အာဇာနည်နေ့ မို့ ကျောင်းပိတ်တာ၊ အာဇာနည်နေ့မို့ ဥဩဆွဲတာ သမီးတို့ ကျောင်းမှာ မပြောဘူးလား”တဲ့။ ဖေဖေက မရီဘူး။ ကျောင်းမှာ မနက်ဖြန် ကျောင်းပိတ်တာ ပြောတာပဲ သိတဲ့ ကောင်မလေး ပြန်မဖြေတော့ ဖေဖေ သက်ပြင်းချတယ်။ ဒါ ၁၉၈၉ ခုနှစ်။ လူလူချင်း၊ ဆွေမျိုးသားချင်းလို ချစ်တဲ့ ခင်တဲ့ နိုင်ငံ့ခေါင်းဆောင် ကိုအောင်ဆန်းရဲ့ နာမည်ကို သဘောကျလို့ သူ့ဘာသာသူ မှည့်ခေါ်ခဲ့တဲ့ “ဦးအောင်သန်း”
အမည်ကို မှတ်ပုံတင်အမည်ထက် သဘောကျတဲ့ ဖေဖေ။ အာဇာနည်တွေကို တစ်ယောက်ချင်း ရင်းနှီးချင်စိတ် ပေါ်လာအောင် ကောင်မလေးကို မိတ်ဆက်ပေးခဲ့တယ်။
ဒီနေ့ ၂၀၁၁ ဇူလိုင်လ ၁၉ ရက်။ ကွန်ပျူတာ ခလုပ်တွေပေါ် လက်တွေ ပြေးလွှားရင်း၊ ဖုန်းသံ၊ ဝရိန်ဆော်သံ၊ သံချောင်းဖြတ်သံတွေနဲ့ ဆူညံနေတဲ့ လုပ်ငန်းခွင်မှာ ကောင်မလေးစိတ်ထဲ ဥဩသံ ကြားယောင်ယောင်။ တစ်မိနစ်လောက် ကိုယ့်ကမ္ဘာကိုယ် ရပ်တန့်ပစ်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး အလိုလို ရပ်သွားတဲ့ တစ်မနက်ကို သတိတွေရ.. . . လွမ်းဆွတ်မှုကိုယ်တိုင်တောင် ရပ်တန့်လို့။

Thursday, January 20, 2011

ပျင်းခြင်းနှင့် ယောင်ခြင်း

မတူပါ။

မတူရေးချ မတူပါ။

ကိုယ့်ဘာသာကိုယ် ဘာလုပ်ရမည်၊ ဘာလုပ်စရာ ရှိသည်၊ ဘာလုပ်မှ ဘာဖြစ်မည်။ ဒါတွေကို သိသိနှင့် မလုပ်ချင်သည်က ပျင်းခြင်း။

ကိုယ့်ဘာသာကိုယ် လုပ်စရာရှိသလား၊ မရှိသလား၊ လုပ်ရမည်လား၊ မလုပ်ရမည်လား၊ လုပ်လျှင်ကောင်းမလား၊ မလုပ်ဘဲ စောင့်လျှင်ကောင်းမလား၊ ဒါက ယောင်ခြင်း။

ယောင်လျှင် အတော် အမြင်ဆိုးသလို ခံစားရတာလည်း ဆိုးပါသည်။ ပျင်းရတာ အမြင်ဆိုးသော်လည်း ကိုယ့်ဘာသာကိုယ် ပျင်းတာဆိုသော အသိက အတော် ခံသာသည်။ Hot smile

သို့မို့ကြောင့် စဉ်းစားနေသည်။ ဘာမှ မသိလည်း ပျင်းလို့ရမည်လားဟု။In love

Friday, January 23, 2009

အရိုင်း၏ မိတ်ဆက်

ဗိုလ်ချုပ်အောင်ဆန်းကို ဆရာ ဒဂုန်တာရာက နာမည်တပ်သည်။ 'အောင်ဆန်း သို့မဟုတ် အရိုင်း' တဲ့။
နာမည်တပ်ခံရသူကလည်း ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိတွင် ၀မ်းမြောက်ဝမ်းသာ လက်ခံသည်။ 'မလွတ်လပ်နိုင်သော လူယဉ်ကျေး အဖြစ်ထက် လွတ်လပ်သော အရိုင်းဘ၀ကို အပြန်တရာ မြတ်နိုးသည်' ဟု ကြွေးကြော်သည်။
ယနေ့ခေတ်အခါတွင် အရေးမပါသော အကြောင်းအရာများအတွက် အဓိကမကျသော အမူအကျင့်တို့ကို ကျင့်ကြံကာ အစစ်အမှန်မဟုတ်သော ဖော်ပြချက်များသာ လွှမ်းမိုးနေသည်ဟု ထင်နေသော၊
အမြဲလိုလို စိတ်ချဉ်ပေါက်နေတတ်သော၊
ခပ်ရိုင်းရိုင်းကွင်းပြင်ကို ဥယျာဉ်ပန်းမန်တို့ထက် နှစ်သက်တတ်သော........
'အရိုင်း' တစ်ယောက်
ကိုယ်ပျော်မွေ့ရာကို တင်ဆက်ပါသည်။
အင်အားကြီးသော်လည်း နုညံ့သော ကြင်နာမှု
တန်ဖိုးကြီးသော်လည်း နှိမ့်ချသော အတ္တစိတ်တို့ဖြင့်
အရိုင်းပျော်သော တော..............